ဂဠုန်ဦးစောဘာလဲ ( သို့ ) ဗိုလ်ချုပ်နှင့်ဦးစော အခြေအတင် စကားများ ခဲ့ကြပုံ( ၅ ) မိနစ်အချိန်လေးပေးပြီး ဖတ်ကြည့်ပါ ။ဂဠုန်ဦးစောကား နယ်ချဲ့ အင်္ဂလိပ်အလိုတော်ရိကြီး ဖြစ် သည် ။ နိုင်ငံနှင့်လူမျိုးကိုချစ်သည့် ၊ နိုင်ငံနှင့်လူမျိုးကောင်းကျိုးကို ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်မဟုတ် ။ အာဏာ ကုလားထိုင် မြင့်မြင့်ကိုသာ တက်ချင်သူဖြစ်၏ ။ သူက ရက်စက်၏ ။ ကြမ်းကြုတ်ခက်ထန်၏ ။ အငြိုးအတေးကြီး၏ ။သူ နန်းရင်းဝန်ဖြစ်စဉ် က ကြည့်ပါ ။ နယ်ချဲ့လက်အောက်ကျွန်ဘဝမှ လွတ်မြောက်ရန်ကြိုးပမ်းနေကြသော တို့ဗမာ အစည်းအရုံးဝင်များကို သူ၏ဂဠုန်တပ်ဖွဲ့ဖြင့် အကြမ်းဖက်နှိပ်ကွပ်ခဲ့သည် ။ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်စာဆိုကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး နာယကကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုပင်ချမ်းသာမပေးခဲ့ ။ ပုသိမ်ဘူတာရုံတွင် သုံးတစ်လက်မတုတ်ဖြင့် ခေါင်းရိုက်ခွဲခဲ့သည့် နယ်ချဲ့အင်္ဂလိပ်တို့အလိုကျ မိုက်နေသည့် အလိုတော်ရိကြီးဖြစ်သည် ။နယ်ချဲ့အင်္ဂလိပ်ခေတ်တွင် ရှိခဲ့ကြသည့် တခြားအလိုတော်ရိတွေထက် သူကဆိုး၏ ။ ဒေါက်တာဘမော် ၊ သခင်ဗစိန် ၊ ဦးပု ၊ ဦးဘအုန်း ၊ ဦးအေး ၊ ဦးလွန်း ၊ ဦးရန်အောင် ၊ ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော် ၊ သခင်ထွန်းအုပ် ( ရဲဘော်သုံးကျိတ် ) တို့မှာလည်း နယ်ချဲ့အကြိုက်ကိုလုပ်ခဲ့ကြသည့် အလိုတော်ရိများပင် ဖြစ်ခဲ့ကြသည် ။ ထိုပုဂ္ဂိုလ်တို့ကို နယ်ချဲ့အင်္ဂလိပ် တို့ က ပွဲထုတ်ပေးခဲ့သော်လည်း မြန်မာပြည်သူလူထုက လက်သင့်မခံခဲ့သောပုဂ္ဂိုလ်များဖြစ်ကြသည် ။ နယ်ချဲ့ဘုရင်ခံက အလိုတော်ရိများကို ညွန့်ပေါင်းအစိုးရများဖွဲ့ပေးခဲ့သော်လည်း ကြာကြာမခံ။ ပြုတ်ကျခဲ့ရသည်သာဖြစ်၏။ နယ်ချဲ့အင်္ဂလိပ် သည် ပြည်သူလူထုတစ်ရပ်လုံးက ထောက်ခံနေသော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ( ဖဆပလ ) ကိုဖြိုခွဲပြီး ဆက်လက်၍ ကိုလိုနီပြုနိုင်ရန် ကြိုးစားအားထုတ်သည်။ မအောင်မြင် သောအခါ အားမလျှော့သေးဘဲ တစ်မျိုးကြံပြန်သည် ။ ယင်းအတွက် အသုံးချမည့် လက်ကိုင်တုတ်ကိုလည်း သူတို့က တွေ့ထားသည် ။ ထိုသူကား ဂဠုန်ဦးစောပင်ဖြစ်သည် ။ဦးစောသမိုင်းကိုပြန်ကြည့်ပါက ဦးစောသည် သာယာဝတီလယ်သမားပုန်ကန်မှုကို ပါးစပ်ဖြင့်ထောက်ခံရင်း လူကြိုက်များ လာအောင်လုပ်ကာ နိုင်ငံရေးစင်မြင့်ပေါ်သို့ တက်လာသူဖြစ်သည် ။ ပထမပိုင်းက (၅) ပွင့်ဆိုင် (၂၁) ဦးအဖွဲ့ ခေါင်းဆောင် ဖြစ်သည့် ဦးဘဘေ ( ဘကြီးဘဘေ ) ထံတွင်တပည့်ခံခဲ့သည် ။ ဦးစောသည် ထို (၂၁)ဦးအဖွဲ့ထဲသို့ဝင်ပြီး လျှို့ဝှက်စွာ ဂိုဏ်းဖွဲ့အုပ်စုဖွဲ့ကာ မျိုးချစ်ပါတီကို ထောင်လိုက်သည် ။ ၁၉၃၇ ခုနှစ်ကတည်းကပင် နယ်ချဲ့ကဦးစောနှင့် သူ၏ မျိုးချစ် ပါတီကို သိမ်းသွင်းထားခဲ့ရာ ၁၉၄၀ ခုနှစ် ၊ ဖေဖဝါရီလတွင် နယ်ချဲ့၏ထောက်ခံမှုဖြင့် နန်းရင်းဝန်ဖြစ်လာသည် ခဲ့သူ ဖြစ်သည် ။ဦးစောသည်မသိနားမလည်သူ စာပေမတတ် နလပိန်းတုံးများကို အပြောကောင်း ၊ ဟိတ်ဟန်ကောင်းဖြင့် သိမ်းသွင်း စည်းရုံးနိုင်စွမ်းရှိသည် ။ ထို့အပြင် ကိုယ်ပိုင်စဉ်းစားဉာဏ် ၊ အသိပညာမဲ့သည့် မိုက်ရူးရဲများကို လက်သပ်မွေးပြီး အကြမ်း ဖက်ရန် စေခိုင်းတတ်သူလည်း ဖြစ်သည် ။ ဦးစောသည် ဘဝင်မြင့်မောက်မာသူ တစ်ဦးဖြစ်ကာ အငြိုးအတေး အာဃာတ ကလည်းကြီးသည် ။ သူ့စိတ်က ကြမ်းတမ်းခက်ထန်သလို ၊ လက်စားချေတတ်သူဖြစ်သည် ။သူ့နေအိမ်ခြံဝင်းထဲတွင်ခေါ်ပြီး ကျွေးမွေးထားသည့် သူ့တပည့်တွေကိုလည်း သူငယ်စဉ်က သူနှင့်ရန်ဖြစ်သူများကို မည်သို့သူလုပ်လိုက်ပုံ ၊ သူ့ကိုမကောင်းကြံသူမှန်လျှင် တိမ်ဖျားတွင်တက်ပြီးကပ်နေပါစေ ၊ သူ ရအောင် ချမည် ဖြစ်ကြောင်း ၊ ထိုလူလည်း မြေကြီးကလူဖြစ်သောကြောင့် တစ်နေ့ မြေကြီးသို့ပြန်ကျလာလျှင် ဘယ်နည်းနှင့်မျှ သူ့လက် က မလွတ်နိုင်ကြောင်း စသည်ဖြင့် သူ့တပည့်များအား အားပါးတရ ဒေါနှင့်မောနှင့်ပြောတတ်သည်ကိုလည်း သူ့စိတ်ဓါတ် နှင့်ပါတ်သက်၍ နိုင်ငံတော်လုပ်ကြံမှုတွင် ပါဝင်ခဲ့သည့် သူ့တပည့်တစ်ဦးဖြစ်သူ သုခ ( ကြိုးဒဏ်မှ တစ်သက်တစ်ကျွန်း ဒဏ်သို့ ပြောင်းလဲကျခံခဲ့ရသူ ) ၏ ပြန်လည်ပြောပြချက်အရ သိရှိရ၏ ။ဗိုလ်ချုပ်အပေါ်တွင်လည်း သူ့အထင်လွဲ အာဃာတထားကာ လက်စားချေ တုံ့ပြန်မည်ဟု ဆုံးဖြတ်ချက်ချထားသည့် ကိစ္စတစ်ခုကလည်း ရှိသည် ။ ဤကိစ္စကို ဗိုလ်ချုပ်က ခိုင်းသည်ဟု ဦးစောက ထင်နေသည် ။ ဗိုလ်ချုပ်က သူ့လက်ချက် မဟုတ်ကြောင်း သူနှင့်ဘာမျှမဆိုင်ကြောင်း သူနှင့်တွေ့ဆုံရှင်းလင်းပြခဲ့သော်လည်း ဦးစောကလက်မခံခဲ့။ ဗိုလ်ချုပ် က ညွှန်ကြားစေခိုင်းသည်ဟုပဲ ထင်နေသည် ။ ဤကိစ္စကို ဗိုလ်ချုပ်မလုပ်မှန်း နိုင်ံရေးခေါင်းဆောင်တွေကလည်း သိကြသည် ။ဖြစ်ပုံက ဤသို့ဖြစ်၏။ ၁၉၄၅ ခုနှစ် ၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် နယ်ချဲ့အလိုတော်ရိ ဆာပေါ်ထွန်းအစိုးရ ပြုတ်ကျ သွားရာ ဘုရင်ခံက စက်တင်ဘာလ (၂၁) ရက်နေ့တွင် အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဖြစ်နိုင်ခြေ ရှိ မရှိ သိနိုင်ရန် ဦးစောကိုခေါ်ပြီး ဆွေးနွေးသည် ။ ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်နု ၊ သခင်ဗစိန်တို့နှင့်လည်း တွေ့ပြီး ဆွေးနွေးသည် ။ထိုနေ့က ဦးစောသည် ဘုရင်ခံအိမ်မှအပြန် သူရိယသတင်းစာတိုက်ကို ခဏဝင်သည် ။ ထို့နောက် ပြည်လမ်းအတိုင်း မိမိနေအိမ်သို့ ပြန်လာခဲ့ရာ မြေနီကုန်းလမ်းဆုံအဝိုင်းကိုကျော်၍ စိန်ဖလိုမီနာကျောင်း ( ယခုအထက (၂) စမ်းချောင်း ) ရှေ့သို့အရောက်တွင် နောက်မှလိုက်လာသည့် အစိမ်းရောင်ဂျစ်ကားတစ်စီးက ဦးစောကားကိုကျော်လိုက်ပြီး ကားချင်းယှဉ် အမောင်းတွင် ဂျစ်ကားပေါ်တွင်ပါလာသူ စစ်ယူနီဖောင်ဝတ် (၄) ယောက်အနက် ( ၂ ) ယောက်ကဂျစ်ကားပေါ်မှာ ထရပ်ကား စက်တင်းဂန်းဖြင့် ဦးစောကိုပစ်သည် ။ ကျည်ဆန်က ဦးစောကိုမထိဘဲ ကားမှန်ကိုထိသွားကာ မှန်စတစ်စက ဦးစောမျက်စိထဲသို့ ဝင်သွားသဖြင့် မျက်စိဒဏ်ရာရှိသွားသည် ။ ဤလုပ်ကြံမှုနှင့်ပတ်သက်၍ ဦးစောက အင်္ဂလိပ်အရာရှိများကို …….“ဂျစ်ကားဟာ ကျုပ်မော်တော်ကားနဲ့ယှဉ်မိတယ်ဆိုရင်ဘဲ ဂျစ်ကားပေါ်ပါလာတဲ့ ကာကီယူနီဖောင်းဝတ်ထားတဲ့ လူ (၂) ယောက်မှာ (၁) ယောက်က မတ်တတ်ရပ်ပြီး ကျုပ်ကားဘက်ကို စတင်းသေနတ်နဲ့လည်းချိန်ရော ကျုပ်နောက်လှန် ချလိုက်တယ် ။ သေနတ်သံက တစ်ချက်ဘဲထွက်တာ ကြားလိုက်ရတယ် ၊ နောက်ထပ်မကြားရဘူး ၊ သေနတ်ဂျမ်း (ကျည်အ) သွားတယ်ထင်ပါရဲ့ ။ ဂျစ်ကားလည်းမောင်းပြေးသွားတယ် ” ဟုပြောပြခဲ့သည် ။ ဦးစောက စစ်ယူနီဖောင်ဝတ် ထားသည့် သူများကို ပြည်သူ့ရဲဘော်တပ်ဖွဲ့မှလူများဟု အတတ်စွပ်စွဲသည်။ ထိုရဲဘော်များကို ဗိုလ်ချုပ်က စေခိုင်းသည် ဟုထင်ကာ ဗိုလ်ချုပ်ကို အငြိုးအတေးထားသည်။စက်တင်ဘာ (၂၃ ) ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်တွင်ကျင်းပပြုလုပ်သည့် ဖဆပလအစည်းအဝေးတွင် ဗိုလ်ချုပ်နှင့် ဖဆပလ အမှုဆောင်လူကြီးများက ဦးစော သေနတ်ပစ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံရေးနယ်နမိတ်အတွင်း ဤကဲ့သို့ အကြမ်းဖက်မှုစနစ်များ သွပ်သွင်းလာခဲ့ခြင်းကို ပြစ်တင်ရှူပ်ချကာ ဦးစောဒဏ်ရာရရှိသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည် ။ ဦးစောကို ရန်ကုန်ဆေးရုံကြီးအထူးခန်းတွင် ကုသခဲ့ရာ စက်တင်ဘာလ (၂၇) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် ဗိုလ်ချုပ်သွားရောက်ခဲ့ပြီး ကြည့်ရှူ့သတင်းမေးခဲ့သည် ။ဗိုလ်ချုပ်က ဦးစောကို ….”ကျွန်တော်ကိုယ်တိုင်က ဒီလိုနိုင်ငံရေးအကြမ်းဖက်တဲ့ နည်းလမ်းမျိုးကို နည်းနည်းမှ မကြိုက်ပါဘူးဗျာ ” ဟုပြောသောအခါ ဦးစောက ဗိုလ်ချုပ်ကို အဓိပ္ပာယ်ပါသော အပြုံးတစ်မျိုးဖြင့် ပြုံး၍ သာနေသည် ။ဗိုလ်ချုပ်သည် ဦးစော သေနတ်ပစ်ခံရပြီးနောက် နိုင်ငံရေးတွင် ထိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပေါ်စေလိုသဖြင့် ပြည်သူ့ ရဲဘော်ဌာနချုပ်တွင် အကြမ်းဖက်ဝါဒဆိုသည်မှာ တိုင်းပြည်အတွက်မကောင်းကြောင်း ၊ အထူးသဖြင့် မြန်မာပြည်ကဲ့သို့ ခေါင်းဆောင်ရှားပါသည့်နိုင်ငံမျိုးတွင် ထိုသို့သော နိုင်ငံရေးလူသတ်ဝါဒကို လက်ခံရန်မသင့်ကြောင်း မိမိရဲဘော်များကို ပြောဆိုဆုံးမခဲ့သည် ။ထို့ပြင် မိမိက ဦးစောကိုလုပ်ကြံရန် ညွှန်ကြားစေခိုင်းသည်ဟု ဦးစောထင်မြင်နေသည်ကို ချေဖျက်လိုသဖြင့် ဦးစော ဆေးရုံမှ ဆင်းလာသည့်အချိန်တွင် ဦးစောနှင့်ထပ်မံတွေ့ဆုံခဲ့သည် ။ ဗိုလ်ချုပ်က ဦးစောနှင့်တွေ့ဆုံရှင်းပြလိုသဖြင့် တွေ့ဆုံနိုင်ရန်အတွက် စီစဉ်ပေးခဲ့သူမှာ သခင်လှဘူး ( စာရေးဆရာ ဒဂုန်ငွေအိုး ) ဖြစ်သည် ။ သခင်လှဘူးက ဗိုလ်ချုပ်နှင့်ရော ဦးစောနှင့်ပါ ခင်မင်ရင်းနှီးသူဖြစ်သည် ။ သခင်လှဘူး စီစဉ်ပေးမှုဖြင့် (၈) မိုင်ခွဲရှိအေဝမ်းရုပ်ရှင်ခြံထဲမှ သခင်လှဘူးနေထိုင်သည့် တိုက်တွင် ဗိုလ်ချုပ်နှင့်ဦးစော တွေ့ဆုံကြသည်။ ဗိုလ်ချုပ်က ဦးစောကိုစတွေ့လျှင် “နေကောင်း တယ်နော် ဦးစော ” ဟု လောကဝတ်အရ ပဋ္ဋိသန္ဓာရစကားဆိုသော်လည်း ဦးစောက မကျေမချမ်းဖြစ်နေသည့်လေသံဖြင့် ” နေကောင်းလို့ တွေ့တာပေါ့ ” ဟု ဗိုလ်ချုပ်ကို စပြီးဘုတောသည် ။ဗိုလ်ချုပ်ကလည်း ဦးစောလိုပင် ဒေါသကြီးတတ်သည့်စရိုက်က ရှိသည် ။ သို့သော် ယခုလာခဲ့သည်မှာ သေနတ်ပစ်ခံ ထားရသူဦးစောကို မိမိပယောဂမပါကြောင်း ရှင်းပြရန် လာရောက်နေခြင်းဖြစ်သည့်အတွက် သည်းခံကာ ပြန်လည် ဘုမတောခြင်းဖြစ်သည်ဟု ဆိုရမည် ။ ကျန်သည့်အချိန်ဆိုလျှင်တော့ ဗိုလ်ချုပ်လိုလူစားမျိုးက သည်းခံနေလိမ့်မည်မဟုတ် ။ဗိုလ်ချုပ်ကဆက်ပြီး ” ဟုတ်ကဲ့ ဦးစော ကျန်းကျန်းမာမာရှိတာ ဝမ်းသာပါတယ် ” ဟုပြောလိုက်သည် ။ ပြီးတော့ ” ချောင်းမြောင်း ပစ်ခတ်တယ်ဆိုတာ သူရဲဘောကြောင်တဲ့အလုပ်ဖြစ်တယ် ၊ ကျွန်တော်ဒါမျိုးမလုပ်ဘူး ဦးစော ၊ ကျွန်တော် ခိုင်းလို့လုပ်တာလို့ ဦးစောထင်နေခဲ့ရင်တော့ အဲ့ဒါမှားနေပြီ ၊ ကျွန်တော့်လိုလူက သေနတ်နဲ့မပြောနဲ့ စိတ်ကူးနဲ့တောင် ဦးစောကိုမလုပ်ကြံပါဘူး ၊ ဦးစော ကျွန်တော့အပေါ် အထင်မှားနေတာကို အမှန်သိအောင် ပြေပြဘို့ ကျွန်တော်လာခဲ့တာပါ ” ဟု ဆိုသည် ။ဗိုလ်ချုပ်ပြောလိုက်ကာမှ ဦးစောမှာဒေါသအိုး ပေါက်ကွဲသလို ဖြစ်သွားပြီး ဗိုလ်ချုပ်မျက်နှာကို လက်ညှိုးနှင့် တည့်တည့် ထိုးကာ ……”စစ်သေနင်္ဂဗျူဟာတွေ ကျမ်းကျေနေတဲ့ ဗိုလ်အောင်ဆန်းက ဒီလိုပြောမယ်ဆိုတာ ကြိုသိပြီးသားဘဲ ၊ ဒီမှာ ဗိုလ်အောင်ဆန်း ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်ကို ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်စမ်းပါ ” ဟု တင်းမာသောမျက်နှာထားဖြင့် ပြောလိုက် သည် ။ ဗိုလ်ချုပ်မှာဦးစောစကားကို တော်တော်အောင့်အည်းသည်းခံနေရသည် ။ ဦးစောက ခံထားရသူဖြစ်သဖြင့် ဦးစောနှင့် တွေ့၍ ဦးစောပြောလျှင် (၃) ကြိမ်တိုင်တိုင် သည်းခံနေမည်ဟု သူနှင့်အတူပါလာသည့် သူ၏ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ ( တက္ကသိုလ်နေဝင်း ) ကို ကတိပေးခဲ့သဖြင့်သာ သည်းခံနေခြင်းဖြစ်သည် ။ထို့နောက် ဗိုလ်ချုပ်က ……”ဦးစောနဲ့ ကျွန်တော်က နိုင်ငံရေးအမြင်ကွဲပြားတယ် ။ အဲ့ဒီလိုအမြင်မတူတာနဲ့ အကြမ်းဖက် ပြီး ချောင်းမြောင်းပစ်ခတ်တာမျိုး သေးသိမ်အောက်တန်းကျတဲ့အလုပ်ပဲ ။ ဒီလိုမိန်းမထမီဝတ်တဲ့အလုပ်မျိုးကို ကျွန်တော် ဘယ်တော့မှမလုပ်ဘူး ဦးစော ” ဟုပြောရာ ” မင်းမလုပ်ရင်ဘယ်သူလုပ်မှာလဲ ဗိုလ်အောင်ဆန်း ၊ ဟို ငတ်ပြတ်နေတဲ့ ရဲဘော်တွေကို အရက်ပေး ၊ ခေါက်ဆွဲကျွေးပြီး ခိုင်းတာ မင်း ၊ ကဲ……ဘာပြောအုံးမလဲ ? ” ဟု မင်းနဲ့ငါပင်ပြောလာကာ ဗိုလ်ချုပ်၏ ပြည်သူ့ရဲဘော်တွေကိုပါ စော်ကားလာသည်။သည်းခံစိတ် တဖြည်းဖြည်းကုန်ဆုံးလာသည့်ဗိုလ်ချုပ်က ….”ဦးစောကို ကျွန်တော်နောက်ဆုံးပြောမယ် ၊ ဒီကိစ္စကို ကျွန်တော် မသိဘူး ၊ ကျွန်တော်လည်း မလုပ်ဘူး ၊ ဒါ ကျွန်တော့်ရဲ့သစ္စာစကားပဲ ..” ဟုဆိုလိုက်ပြန်ရာ ဦးစောက ဗိုလ်ချုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ” အေး… မင်းဘယ်နှစ်ခါငြင်းငြင်း မင်းမှမင်းပဲ ၊ ငါကတော့မင်းကို မယုံရေးချ မယုံဘဲ ” ဟုတုံပြန်ဆိုသည် ။ သည်တွင် ဗိုလ်ချုပ်တစ်ယောက် ဘယ်လိုမှသည်းမခံနိုင်စွမ်းမရှိတော့ဘဲ ဒေါသထွက်သွား ကာ မီးဝင်းဝင်းတောက်သလို မျက်လုံးမျိုးဖြင့် ဦးစောမျက်နှာနား ကပ်လိုက်ပြီးမှ……”ဒီမှာ ဦးစော ခင်ဗျားထင်ချင်ရာသာ ထင်တော့ ။ ကျုပ်ကလည်းဂရုမစိုက်ဘူး ” ဟု ဒေါသတကြီး ပြောချလိုက်ကာနေရာမှထွက်သွားသည် ။သို့ဖြင့် ဗိုလ်ချုပ်၏ဖြေရှင်းပြမှုမှာအောင်မြင်မှုမရှိ အေးဆေးစွာဖြေရှင်းပြသည်ကို ဘယ်လိုမှလက်သင့်မခံသည့် ဦးစော ကြောင့် စေ့စပ်ရေးစကားဝိုင်း ပျက်သွားခဲ့ရသည် ။ ထိုစဉ်က နိုင်ငံရေးအသိုင်းအဝိုင်းမှ တစ်ချို့ပြောကြားချက်အရ အစိမ်းရောင်ဂျစ်ကားပေါ်မှနေ၍ ဦးစောကို စတင်းဂန်းသေနတ်ဖြင့် ပစ်သူမှာ ပြည်သူ့ရဲဘော်အဖွဲ့မှ ရန်ကုန်ဘဆွေ (စာရေးဆရာ) နှင့် တစ်ဦးဟု ဆိုကြသလို ၊ တစ်ချို့ကလည်း ဆိုရှယ်လစ်ပါတီမှ ကြည့်မြင်တိုင်ကိုသန်းနှင့် တစ်ဦးဟု ပြောဆိုကြသည် ။ ယခု ဤစာရေးသူကိုမူ ရန်ကုန်ဘဆွေ၏တပည့်တစ်ဦးဖြစ်သည့် စာရေးဆရာ သုသေတီမြင့်ထွန်းက ရန်ကုန်ဘဆွေမကွယ်လွန်မီက သူ့ကိုပြောပြချက်အရ ရန်ကုန်ဘဆွေ၏လက်ချက်ဖြစ်သည်ဟုပြောပြခဲ့သည် ။ စီစဉ်စေခိုင်းသူကိုလည်း အတိအကျမသိခဲ့ကြရ ။ တစ်ချို့က ဦးကျော်ငြိမ်း ဖြစ်မည်ဟု ရေးသည်ကို ဖတ်ရဖူးသည် ။ သို့သော်မသေချာပါ ၊ အမှန်ကိုယနေ့အထိမသိရသေးပါ ။ရေးပါလျှင် သံသယမှ စတင်အခြေခံလာသည့် ဦးစော၏ အာဃာတတရား ၊ အမုန်းတရားနှင့် အငြိုးအတေးတို့ကား သံသယမီးပွားတစ်ခုမှစတင်ခဲ့ကာ ဘယ်လိုမှ ငြိမ်းသတ်၍ မနိုင်တော့သည့် မီးတောက်မီးလျှံကြီးများပမာ ထိတ်စဖွယ် ကြောက်စဖွယ်ပင် ကြီးမားခဲ့ရပါသည် ။ မိမိရန်သူသည် တိမ်ဖျားတွင်တွယ်ကပ်နေစေဦး ၊ မရရအောင်ချမည်ဆိုသည့် လက်စားချေဝါဒသမား ဖြစ်သည်နှင့်အညီ ပုဂ္ဂိုလ်ရေးအရရော ၊ နိုင်ငံရေးအရပါ မုန်းတီးမှုများဖြင့် တပည့်လူမိုက်များကို မွေးကာ စနစ်တကျ အကွက်ချ၍ ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် ဗိုလ်ချုပ်အပါအဝင် ဗိုလ်ချုပ်နှင့်လက်တွဲခဲ့ကြသည့် ခေါင်းဆောင်ကြီးများကို ဦးစောတစ်ယောက် ရက်စက်ယုတ်မာစွာ လုပ်ကြံခဲ့သည်ဟုသာ ရေးလိုက်ပါရစေ ။စာရေးဆရာ ဟိန်းဇေရဲ့ ” လူသာသေ ထာဝစဉ်နာမည်မသေသည့် တို့…ဗိုလ်ချုပ် ” စာအုပ်မှကူးယူဖော်ပြပါသည် ။တကယ်ဆိုလျှင် ဦးစောကိုပစ်ခတ်လုပ်ကြံခဲ့စဉ်ကအသေသာလုပ်ကြံနိုင်ခဲ့မည်ဆိုပါက အာဇာနည်နေ့ ဆိုတာလည်း ရှိလာမှာ မဟုတ်သလို ဦးနေဝင်းသည်လည်း ပါတီဥက္ကဌကြီးလည်း ဖြစ်လာစရာအကြောင်းမရှိ ၊ စဝ်ရွှေသိုက်တို့လည်း အဆိပ်ခတ်ခံရမှာမဟုတ်သလို ဦးနုသည်လည်းပြည်ပြေးဘဝကိုရောက်မည်မထင် ၊ ဗိုလ်ကျော်ဇောတို့လည်း တောခိုကြတဲ့ အဆင့်ကိုရောက်မှာမဟုတ်ဘူး …ပြီးတော့…..ပြီးတော့ …ပြီးတော့ ...Credit > မူရင်းရေးသားသူ
ဗိုလ်ချုပ်အောင်ဆန်းကို ဂဠုန်ဦးစော လုပ်ကြံခဲ့ရ တဲ့ အကြောင်း အရင်း
Saturday, July 20, 2019
Labels:
နိုင်ငံရေး
at 12:49:00 AM
