RAW နဲ့ JPEG JPEG နဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံတွေကို ပိုကောင်းမွန်လာစေရန် Setting ချနည်းဖြစ်တဲ့ Nikon မှာဆိုရင် Set Picture Control၊ Canon မှာဆိုရင် Picture Style တွေအကြောင်းကိုပြောရမယ်ဆိုရင် ကင်မရာတွေထဲမှာ ပါဝင်တဲ့ File Format တွေဖြစ်တဲ့ JPEG နဲ့ RAW ဆိုတာကို အရင်လေ့လာဖို့လိုပါမယ်။ ဘာတွေကွာခြားသလဲဆိုတာကိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပုံတွေကို ရိုက်ယူတဲ့အခါမှာ အသုံးချရတဲ့ Set Picture Control ခေါ် Picture Style ဆိုတာက JPEG File အမျိုးအစားမှာပဲ သက်ရောက်မှု အထူးရှိလို့ပါပဲ။
Bridge, DSLR Level Camera တွေမှာ ပုံရိပ်တွေကိုဖမ်းယူပြီး ကင်မရာမန်မိုရီကဒ်ထဲ သိမ်းဆည်းတဲ့အခါမှာ JPEG, RAW, RAW + JPEG လို့ ရွေးချယ်စရာတွေပါပါတယ်။ အချို့ကင်မရာတွေဆိုရင် TIFF တွေတောင် ပါဝင်လာပါပြီ။
RAW ဆိုတာကတော့ Sensor က ဖမ်းယူလိုက်တဲ့ ပုံရိပ်တွေအားလုံးကို ကင်မရာမှန်ဘီလူးကနေ မြင်လိုက်တဲ့အတိုင်း အကုန်ဖမ်းယူ သိမ်းဆည်းပေးမယ့် အစိမ်းသက်သက် အကြမ်းထည်ဖိုင်သက်သက်ပါ။ ဆိုလိုတာက အကြမ်းထည်ဖိုင်ဖြစ်နေတဲ့အတွက် Photoshop နဲ့ အသေးစိတ်ပြန်လည် ပြုပြင်ယူလိုသူ ဓာတ်ပုံသမားများအတွက် အသုံးတည့်ဆုံးဖိုင် အမျိုးအစားဆိုလဲ မမှားပါဘူး။ အပြင်ခံနိုင်ရည်ကို သာမာန် JPEG နဲ့ရိုက်ထားတဲ့ပုံထက် ပိုပြီးလည်းအပြင်ခံပါတယ်။
သူ့ရဲ့အားနည်းချက်က ဘာရှိပြန်လည်းဆိုတော့ ဖိုင်အရွယ်အစား ကြီးမားတာပါပဲ။ ကျနော့်ကင်မရာမှာ JPEG နဲ့ရိုက်ရင် ဖိုင်အရွယ်အစား 13.5MB ဝန်းကျင်ရှိပြီး RAW နဲ့ရိုက်ရင် 77MB ဝန်းကျင်ရှိပါတယ်။ ဒါကြောင့် မန်မိုရီအတွင်းနယ်ပယ်အရမ်းယူလွန်းလို့ မန်မိုရီကဒ်အလုံအလောက် မရမှာရယ်ကြောင့် ပုံအများကြီးရိုက်ရမယ့် နေရာတွေ ခရီးထွက်တဲ့အချိန်တွေမှာ အဆင်ပြေခဲပါတယ်။ ကဒ်ရဲ့ DATA ဖတ်ယူမှတ်သားမှု မြန်ဆန်နှုန်း Mbps များဖို့လည်းလိုလာပါပြီ။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာ RAW Converter Software (သို့) Photoshop CC 2017 နဲ့အထက် မရှိရင်လည်း ကင်မရာမှာပုံမြင်ရပြီး ကွန်ပျူတာထဲမှာ ပုံမမြင်ရတာတွေလည်း ဖြစ်တတ်ပါတယ်။
JPEG ဆိုတာကတော့ ဒါနဲ့ဆန့်ကျင်ဘက်ပါ။ ဖိုင်အရွယ်အစား သင့်တင့်မျှတတယ်။ JPEG နဲ့ရိုက်ထားတဲ့ပုံဆိုရင် ကွန်ပျူတာသာမက ဟန်းဆက်တက်ပလက်တို့ကို တိုက်ရိုက်အချက်အလက် ပြောင်းပြီးကြည့်ရင်တောင် ရပါတယ်။ ဒါပေမဲ့ RAW လောက်တော့ Photoshop နဲ့ အသေးစိတ်ပြန်ပြင်ယူဖို့ မကောင်းပါဘူး။ ခပ်ပါးပါးလောက်ပဲ ပြင်ဖို့ကောင်းပါတယ်။ ပြီးတော့ ကူးဆိုင်တွေအတွက် အသင့်တော်ဆုံး ဖိုင်အမျိုးအစားပါ။ (DSLR ကိုင်စသူတစ်ချို့မှာ RAW နဲ့ JPEG ကိုကွဲပြားအောင်မသိလို့ ကင်မရာ Setting ထဲမှာ RAW နဲ့ မတော်တဆရိုက်မိကြပြီး ကင်မရာမှာပြန်ကြည့်တော့ ပုံပေါ်ပေမယ့် ကွန်ပျူတာထဲ ထည့်ကြည့်တော့ ဖိုင်တွေ့ပြီးပုံမမြင်ရလို့ မန်မိုရီကဒ် ဗိုင်းရပ်စ်ထိပါပြီလို့ အလန့်တကြားဖြစ်တဲ့ ကိစ္စတွေလည်းမကြာခဏပါပဲ။)
တစ်ခုတော့ရှိတယ် ကင်မရာဆက်တင် (Speed, Aperture, ISO) တစ်ခုထဲမှာပဲ နေရာမြင်ကွင်းတစ်ခုတည်းကို ကင်မရာဆက်တင်မှာ RAW နဲ့ တစ်ပုံရိုက်ကြည့်ပြီး နောက်တစ်ပုံကိုလဲ အလားတူ ကင်မရာဆက်တင် (Speed, Aperture, ISO) နဲ့ JPEG နဲ့ထပ်ရိုက်ပြီး ယှဉ်ကြည့်ပါ။ ဘယ်ပုံက ရုပ်ထွက်ပိုကောင်းမလဲ ထင်သလဲ။ ဟုတ်ကဲ့ JPEG နဲ့ရိုက်ထားတာက ပိုပြီးအဆင်ပြေပါတယ်။ Nikon နဲ့ Canon မှာဆိုရင် Canon မှာ ပိုသိသာပါတယ်ဗျ။ ကဲ—-ဒါဆို RAW ကမကောင်းဘူးလားတဲ့။ Photoshop နဲ့ အသေးစိတ်ပြန်ပြင် ယူရမယ့်ပုံတွေဆိုရင် RAW က အကောင်းလွန်ပါတယ်ခင်ဗျလို့ပဲ ပြောရမှာပါ။
RAW နဲ့ JPEG ဘာကိုပိုသုံးသင့်သလဲ
ဟုတ်ပါပြီတဲ့ဗျာ— အကောင်းလွန် RAW ဆိုတာကြီးကို နေရာတကာ အသုံးချမယ်ဆိုရင်ကော ဖြစ်လားတဲ့။ As Your Choice လို့ပဲပြော
ပါရစေ။ ဒါပေမဲ့ ပြောပါရစေ Photoshop မသုံးတော့ဘဲ ကင်မရာက တိုက်ရိုက် JPEG နဲ့ထွက်တာက RAW နဲ့ထွက်တာထက် ပိုသာတယ်။ Photoshop နဲ့မပြုမပြင် လိုချင်တာကင်မရာပေါ်ကနေအားလုံးကို ထိန်းချုပ်ပြီး Photoshop လုံးဝမကိုင်ဘဲ စွမ်းဆောင်တာကို လိုချင်တယ်ဆိုရင်တော့ JPEG နဲ့သာဆော်ပေတော့လို့ အကြမ်းဖျင်းပြောရမယ်ဗျ။ ကိုယ်ရိုက်ရမှာက ဘာကိုလဲ ကိုယ်ကိုယ်တိုင်က Photoshop တတ်ကျွမ်းနေပြီး အသေးစိတ်ပြန်ပြုပြင်ယူရမယ့် ပုံကြီးချဲ့ရမယ့်မော်ဒယ် အလှပုံတွေ၊ ရှုခင်းပုံတွေ Pre wedding စတဲ့ အရေးတကြီးပုံတွေလား။ မဖြစ်မနေ အသေးစိတ်ပြင်ယူရမယ့် ပုံတွေလား။ အဲ့ဒါဆိုရင် မစဉ်းစားနဲ့ RAW နဲ့သာဆော်။
ကိုယ်ရိုက်ရမှာက တစ်ပုံငါးရာတစ်ထောင်လောက်နှုန်းနဲ့ ပုံအရေအတွက် နှစ်ရာသုံးရာရိုက်ရမယ့် မှတ်တမ်းပုံ၊ လိုင်စင်ပုံ၊ ပုံအရေအတွက် အများကြီးရိုက်ရမယ့် ရွာအလှူပုံလား။ အကြောင်းကြောင်းတွေကြောင့် ရိုက်ပြီးသားပုံတွေကို Photoshop နဲ့ပြန်မပြင်ခွင့်ရတာမျိူး (ဥပမာ အလျှင်လိုလို့၊ အချိန်မရလို့၊ ပုံများလို့၊ ပြင်စရာမလိုလို့၊ မပြင်ကိုမပြင်ချင်လို့)၊ ပြင်ဖို့ရာအခက်အခဲတွေရှိလို့ စတာတွေဆိုရင်တော့ JPEG နဲ့သာ ကိုင်ပေတော့။ ရိုက်ပြီးချက်ချင်းထုတ်ရမယ့်ပုံတွေကို RAW နဲ့ရိုက်မယ်ဆိုရင်လည်း RAW အတိုင်း ကူးဆိုင်တစ်ချို့ကလက်မခံပါဘူး။ လက်ခံရင်လည်း သီးသန့်ဝန်ဆောင်ခ ထပ်ပေးရမှာပါ။ တစ်ချို့သော ဓာတ်ပုံဆရာကြီးတွေဆိုရင် Shutter Release နှိပ်ပြီးရင် ဖိုတိုရှော့ကြီးဆိုတာကို သုံးရမှာ ဓာတ်ပုံပညာထိခိုက်မှာ အရမ်းဝန်လေးလို့ JPEG နဲ့ချည်းပဲရိုက်ပါ
တယ်။ ဖိုတိုရှော့နဲ့ လုံးဝမထိတွေ့စေရအောင်ကို ပညာမာနထားပါတယ်။ (ဒီပညာမာနကလည်း သဘောကျစရာပါ။ သူတို့သဘောက Photoshop ဆိုတာကြီးကို အားကိုးလွန်းအားကြီးရင် ဓာတ်ပုံပညာဘက်မှာ အားနည်းသွားမှာကို စိုးရိမ်ပေးတာလဲပါတယ်)
Set Picture Control (or) Picture Style ဆိုသည်မှာ
ဒီမှာ အဓိကပြောချင်တဲ့ အပိုင်းလာပါပြီ။ ပြောချင်တာက ဒါကိုပြောဖို့ကို RAW တွေ JPEG တွေနဲ့ အစချီနေရတာဗျာ။
JPEG ဆိုတာက ဓာတ်ပုံသမားတိုင်း မဖြစ်မနေသုံးရတဲ့ ဖိုင်အမျိုးအစားပါပဲ။ ကူးဆိုင်သွားပြီးပဲကူးကူး၊ လူမှုကွန်ရက်ပဲတင်တင် ဟန်းဆက်၊ ကွန်ပျူတာ၊ တက်ပလက်မှာပဲထည့်ထည့် Final မှာမဖြစ်မနေလုပ်ရတဲ့ ဖိုင်အမျိုးအစားပါ။ DSLR ကင်မရာတွေကနေပြီး JPEG နဲ့တိုက်ရိုက် ရိုက်ကူးတဲ့အခါမှာ မိမိရိုက်ကူးတဲ့ပုံတွေကို ပိုကောင်းအောင်လုပ်ပေးတဲ့ Feature ပါ။ Nikon မှာ Set Picture Control လို့ခေါ်ပြီး Canon မှာတော့ Picture Style လို့သုံးထားပါတယ်။ လုပ်ဆောင်မှုကတော့ အတူတူပါပဲ။ ကင်မရာသမားအများစုက ဒါကိုကျော်ခွ သွားကြတယ်ဗျ။ အများစုက ဒီ Feature ကိုမသိကြပေမယ့်လည်း ထိတွေ့မှုရှိကြပါတယ်။ အတွင်းကျကျ မထိတွေ့မိတာပဲရှိပါတယ်။ မယုံဘူးလားခင်ဗျာ DSLR Camera Menu က Set Picture Control (or) Picture Style ကို အခုပဲဖွင့်ကြည့်လိုက်ပါ။ Defaults ဖြစ်တဲ့ Standard မှာရှိနေရမယ်။
Set Picture Control (or) Picture Style ဆိုတာက DSLR Camera Mode တွေထဲက အော်တိုစနစ်တွေမှာ အလုပ်မလုပ်ပါဘူး။ P,S,A,M (or) P, Tv, Av, M စတဲ့ Camera Mode တွေမှာအလုပ်လုပ်ပါတယ်။
ဒီ Set Picture Control (or) Picture Style စနစ်ထဲကို ဝင်ကြည့်မယ်ဆိုရင် ဘာလာလာအကုန်ဒေါင်းတဲ့ Defaults ဖြစ်တဲ့ Standard,
သဘာဝအမြင်အတိုင်းရမယ့် ကြားနေအရောင်များရမယ့် Natural, လူအလှပုံရိုက်တဲ့ Portrait, ရူခင်းပုံတွေရိုက်တဲ့ Landscape, ပန်းပွင့်၊ အဆောက်အဦး၊ လက်ဝတ်ရတနာ၊ ပရိဘောဂစတာတွေကို ရိုက်တဲ့ရှိရင်းစွဲကာလာတွေထက် ပိုပြီးတောက်ပစေတဲ့ VIVID နဲ့အဖြူအမဲ Sepia လို One Color ရိုက်ရတဲ့ Monochrome စတာတွေ ထပ်ပြီးပါပါဝင်ပါသေးတယ်။
အဲ့တာလေးတွေကို သူ့နေရာနဲ့သူထားပြီး ရိုက်တာနဲ့ကို အခြေအနေတူ အနေအထားတူမှာပဲ ပုံတစ်ပုံတည်းကို Speed, Aperture, ISO အတူတူနဲ့ပဲကိုထားပြီး Set Picture Control (or) Picture Style ကိုပြောင်းလဲရိုက်ကြည့်ပါ။ မတူဘဲ သူ့အနေအထားနဲ့ သူပဲပိုကောင်းနေတာကို တွေ့ပါလိမ့်မယ်။ စောစောကအပိုဒ်မှာပါတဲ့အတိုင်း သူ့နေရာနဲ့သူရိုက်ကြည့်ပါ။
Set Picture Control (or) Picture Style က ပေးထားတဲ့ Feature တွေထဲကတစ်ခုကို (ဥပမာ Portrait ထဲထပ်ဝင်ကြည့်ပါ။ ပြတ်သားမှုဖြစ်တဲ့ Shaping မှာ Defaults ဖြစ်တဲ့ Standard ထက်ကိုလျှော့ချပေးထားတာတွေ့ရပြီး Landscape မှာ Defaults ဖြစ်တဲ့ Standard ထက် Shaping မှာ ပိုတင်ပေးထားတာကိုတွေ့ရပါမယ်) ဒါကြောင့်လဲ လူပုံရိုက်တဲ့အခါမှာ Portrait မှာထားပြီးရိုက်ကြည့်ပါ။ Standard နဲ့ရိုက်တာထက် အသားအရည်ပြေပြစ်ချောမွေ့နေတာကိုတွေ့ရမှာဖြစ်ပြီး လူပုံရိုက်တဲ့အခါမှာ Landscape နဲ့ရိုက်မယ်ဆိုရင် Shaping တွေပိုများလာပြီး အရိုက်ခံမော်ဒယ် ပိုပြီးအိုဇာရုပ်ပေါက်သွားသလို ကာလာတွေလဲပို တောက်လာမှာဖြစ်ပါတယ်။ ဒါကိုမှ VIVID နဲ့ထပ်ရိုက်မယ်ဆိုရင် ကာလာတွေက ကန်ထွက်လာအောင်တောက်လာမှာပါ။ ဘယ်လိုပုံလဲဆိုတော့ ဥပမာပြောရရင် ကော်ပတ်ရုပ်ကို မိတ်ကပ်ထူထူလိမ်းပေးထားတဲ့ ရုပ်မျိုးပေါ့။
အဲ့လိုပါပဲ ရှုခင်းရိုက်တဲ့အခါ Landscape ဆိုတာကို မသုံးဘဲနဲ့ဖြစ်ဖြစ် ပန်းပွင့်ရိုက်တဲ့အခါ၊ ပရိဘောဂပစ္စည်းတွေ သက်သက်ရိုက်တဲ့အခါ VIVID ကိုမသုံးဘဲ Portrait နဲ့ရိုက်မယ်ဆိုရင် ပြတ်သားမှုကျဆင်းသလို ကာလာကလည်း မူရင်းထက် ဖျော့တော့နေမှာပါ။ အခုပြောတဲ့ Set Picture Control (or) Picture Style ထဲက Feature တွေဆိုတာက ကင်မရာထဲမှာ အသင့်ပါပြီးသား လုပ်ဆောင်မှုသက်သက်သာ ဖြစ်ပါတယ်။ မိမိသက်ဆိုင်ရာ Feature ထဲ၊ Style ထဲ ထပ်ဝင်ပြီးလည်း မိမိစိတ်ကြိုက် Clarity, Sharping, Contrast, Brightness, Saturation, Hue စတာတွေကို မိမိစိတ်ကြိုက်ထပ်ပြီး အတိုးအလျှော့လုပ်နိုင် ပါသေးတယ်။
Clarity, Sharping ကတော့ ပြတ်သားကြည်လင်မှုနဲ့ သက်ဆိုင်ပါတယ်။ အသားအရည်နုချင်လားလျှော့၊ ကြမ်းချင်လားတင်၊ Contrast
ကတော့ အရိုက်ခံအရာဝတ္ထုတွေ ကွဲပြားခြားနားမှု၊ Brightness ကတော့ ပုံရိပ်တောက်ပမှုဖြစ်ပြီး Saturation, Hue ကာလာအရောင်အသွေးစိုရွှမ်းမှုတွေပါပဲ။
ကျွန်တော့်အနေနဲ့ လူအလှပုံရိုက်ရင် Portrait မှာ Clarity, Sharping မှာ အနည်းပိုလျှော့၊ အသားမဲ / ညို အသားဖြူသူတွဲရိုက်ရင် Contrast ကိုပါလျှော့ပြီးရိုက်ပါတယ်။ ဒါပေမဲ့ အဖိုးအိုကြီးတွေ အိုမင်းရင့်ရော်မှု ကိုလိုချင်လာပြီဆိုရင်တော့ Portrait မှာ Clarity, Sharping, Contrast စတာတွေ ပုံမှန်ထက်တင်ပြီးရိုက်တာကို ပိုပြီးအရသာတွေ့ပါတယ်။
အခုကျွန်တော်ပြောတဲ့ Set Picture Control (or) Picture Style ဆိုတာ ကင်မရာစတင်ကိုင်တဲ့သူတွေအတွက် ကျွန်တော့်အရေးအသား ညံ့ဖျင်းမှုကြောင့် နည်းနည်းမျက်စိရှုပ်စရာ ဖြစ်နေပေမယ့် အခုပဲကင်မရာ Power ဖွင့် Memory Card ထည့်ပြီး လက်တွေ့လုပ်ကြည့်မယ်၊ တစ်ပုံနဲ့တစ်ပုံရိုက်ပြီးယှဉ်ကြည့်မယ်စမ်းသပ်ကြည့်မယ်ဆိုရင်တော့ ပိုပြီးလွယ်ပါတယ်ဗျာ။ စာထဲကသကြားနဲ့ အပြင်ကသကြား ဘယ်ဟာပိုချိုသလဲဆိုတာ လက်တွေ့စမ်းသပ်ကြည့်ဖို့ကတော့ ဝါသနာရှင်တွေရဲ့ တာဝန်ပါ။
Writer Sir Kyaw Zay Ya
RAW နဲ့ JPEG
Saturday, December 10, 2022
Labels:
ဓါတ်ပုံဆိုင်ရာ
at 9:10:00 PM
